ကော့မှူး ဒီဇင်ဘာ ၂၈
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ခရိုင် ကော့မှူးမြို့နယ် ညောင်ပင်သာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် တွံတေးခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ ခရိုင်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးညောင်ပင်သာကျေးရွာရပ်မိရပ်ဖ ဦးဝင်းရှိန်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်၊အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးသန့်ဇင်၊ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်း နှစ်လမ်းမှာ အရှည်ပေ (၁၁၀၀) ပေ၊ အကျယ် (၁၀) ပေ၊ အမြင့် (၆) လက်မထုရှိသည့် ကွန်ကရစ်လမ်းများကို ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ရန်ပုံငွေဖြင့် ကော့မှူးမြို့နယ် ကျေးလက်မှ ကြီးကြပ်မှုဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် သိန်း ၁၅၀ နှင့် ကျေးရွာနေ ပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေ(၁၉၀) စုစုပေါင်းသိန်း(၃၄၀)ဖြင့်၂၀၂၄ခုနှစ် နိုဝင်ဘာလ ဒုတိယ အပတ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍တက်ရောက်လာသူများအား စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး လမ်းအား ကြည့်ရှုစစ်ဆးခဲ့သည်။
ကော့မှူးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်ဒေသခံပြည်သူများသည် ယခင်ကလမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ခဲ့သော် လည်း လက်ရှိအချိန်တွင်လမ်းပန်း ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာပြီး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ၊ တံတားများ တည်ဆောက်နေမှုကြောင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ကျော်သူရ (ကော့မှူး)