(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၇၈)‌နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဖြစ်သည့် ဗိုလ်မှူး ကြီးရဲမိုး၊ ဦးဇေယျလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးက ပြည်တွင်းထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတိုးတက်မည်ဖြစ်သဖြင့် ဒေသတွင်းကုန်ကြမ်းများမှ ထုတ်လုပ်သော ထုတ်ကုန်အသီးသီး၏ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည်လည်း အလွန်အရေးကြီးကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့် အသေးစားအငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊  ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယခုကျင်းပပြုလုပ်မည့် (၇၈)‌နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME  ကုန်ထုတ်ပြပွဲကို အကျိုးရှိရှိ အပြည့်အဝအသုံးချ၍ ပြည်သူလူထုကို အသိပညာပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနအလိုက် ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြ အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးဇေယျလင်း က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ဆပ်ကော်မတီများ၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် MSME ထုတ်ကုန်ပြပွဲ ပြခန်းပြသမည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ပြပွဲ ပြခန်းများတွင် ပြသမည့်အချက်များ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို အသေးစိတ်ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်ဦး‌ဇေယျလင်းက လိုအပ်သည်များကို ဖြည့်စွက်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)