မြစ်သားမြို့နယ်တွင်၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

မြစ်သား ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ခရိုင်၊မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၅) နာရီခွဲက စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့်တို့က ရွှေမုဌောဘုရားအနောက်ဘက်မုဒ်ဦးရှေ့စုရပ်မှ စတင်ကာ မြစ်သားမြိုနယ်-မြင်းခြံကားလမ်းအတိုင်း စုပေါင်းပျော်ရွှင်စွာ လမ်းလျှောက်ကြပြီး မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက်ကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ကိုယ်လက်ကြံ့ခိုင်လေ့ကျင့်ခန်းလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျန်းမာရေးအတွက် ကိုယ်လက်ကြံ့ခိုင်လေ့ကျင့်ခန်းလှုပ်ရှားမှုများ ဆောင်ရွက်ကြအပြီးတွင် လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား ကောက်ညှင်းပေါင်းနှင့် အကြော်များ ကျွေးမွေးဧည့်ခံခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)