မိတ္ထီလာမြို့နယ် ပျော်ဘွယ်စံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (ပဉ္စမ) အကြိမ်မြောက် ထုတ်ချေး

မိတ္ထီလာ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ဇောက်အုပ်စု ပျော်ဘွယ်စံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျေးရွာဘုန်း‌တော်ကြီး‌ကျောင်းဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းအိထွေးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် စီမံကိန်းတာဝန်ခံက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းများ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ပျော်ဘွယ်စံပြကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၇ ဦးကို ငွေကျပ် ၃၉.၈ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။                                                  

သိန်းမြင့်ကျော်(မိတ္ထီလာ)