တောင်ကြီးမြို့နယ်တွင် ရေမွန်းသော မွေးကင်းစကလေး အသက်ရှူရန် အသက်ကယ် ပြုစုစောင့်ရှောက်ခြင်း သင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၂၈

ရေမွန်းသောမွေးကင်းစကလေး အသက်ရှူရန် အသက်ကယ်ပြုစုစောင့်ရှောက်ခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက တောင်ကြီးမြို့ Jasmine  Hotel ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တောင်ကြီးဆေးတက္ကသိုလ်ပါမောက္ခချုပ်၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးနှင့်အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးများ၊ တောင်ကြီးဆေးတက္ကသိုလ်နှင့် အမျိုးသမီးကလေး ဆေးရုံကြီး ကလေးရောဂါဆေးပညာဌာနမှ ပါမောက္ခနှင့် ဌာနမှူး၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊ မွေးကင်းစကလေးအထူးအထူးကုဆရာဝန်ကြီးများနှင့် သင်တန်းဆရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားရာ ကျန်းမာရေးတာဝန် ထမ်းဆောင်နေကြသည့် အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရေမွန်းသော မွေးကင်းစကလေးအသက်ရှူရန် အသက်ကယ်ပြုစုစောင့်ရှောက်မှုပေးရာအဆင့်တိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်မှု ရှိစေရန်၊ အချိန်တစ်မိနစ်အတွင်း တိကျမှန်ကန်စွာအသက်ကယ်ခြင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သောကျွမ်းကျင်မှုများရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာ ၂၆ ရက် မှ ၂၇ ရက်ထိ နှစ်ရက်တာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးသင်တန်းသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာမကြီးများ၊ တောင်ကြီး သူနာပြုသင်တန်းကျောင်းနှင့်သားဖွားသင်တန်းကျောင်းတို့မှ နည်းပြဆရာမများ၊ သားဖွားဆရာမနှင့် အမျိုးသမီးကျန်းမာရေးဆရာမများ စုစုပေါင်း (၁၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)