ဇမ္ဗူသီရိ ဒီဇင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Mother International School ကိုယ်ပိုင်ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ ဘေးကင်းလွတ်မြောက်ရာသို့ ထွက်ခွာခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောရာတွင် ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ ဘေးကင်းလွတ်မြောက်ရာသို့ အန္တရာယ်ကင်းစွာ စနစ်တကျ ထွက်ခွာခြင်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ဘေးကင်းလွတ်မြောက်ရာသို့ ထွက်ခွာခြင်းအား ဇတ်တိုက်လေ့ကျင့်ခြင်း၊ ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)