ပုဇွန်တောင် ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုအခါ ပူပြင်းခြောက်သွေ့သည့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ ဖြစ်ပွားပေါ်ပေါက်လာပါက အမြန်ဆုံးမီးငြိမ်းသတ်နိုင်ရေးနှင့် မီးလောင်မှုလျော့နည်းစေရေး ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ဈေးများ၊ ဆိုင်များ၊ ဌာနဆိုင်ရာရုံးများ နှင့်ကျောင်းများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည့်အပြင် ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်းရှိ /မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက ဒုမီးသတ်ဦးစီးမှူး ဦးမျိုးဝင်းသူ ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အမှတ်(၉)ရပ်ကွက်ရှိ အိမ်ခြေ(၄၀)နှင့် အမှတ်(၅)ရပ်ကွက်ရှိ အိမ်ခြေ (၂၀)အိမ်တို့အား မီးလန့်မှု/မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် မီးဖိုအသုံးပြုသည့် နေအိမ်များ၊ အခြားမီးသုံးစွဲသည့်နေအိမ်များ မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့်နည်းလမ်းများကို လှည့်လည်အသိပညာပေးပြီး မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်အတွင်း အလှည့်ကျသွားရောက်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးပေးသွားမည်ဖြစ်ပြီး ရပ်ကွက်များအတွင်း မီးသတိမူရေးနှင့်မီးဘေး အန္တရာယ်များကို ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ လိုက်လံအသိပေးနှိုးဆော်မှုကိုလည်း အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟန်စုယဉ်