ကလော ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ Hill Top Villa Hotel ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရ၏ ပံ့ပိုးလမ်းညွှန်မှုဖြင့်ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်း(၃)မျိုးဖြစ်သည့် ဧည့်ကြိုဝန်ဆောင်မှုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး ဝန်ဆောင်မှုသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အစိုးရအနေနဲ့ ရှမ်းပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာမှာ ခရီးစဉ်ဒေသများ သာယာလှပရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားမြှင့်တင်ရေးပွဲတော်များ ကျင်းပပေးရေးတို့အပြင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအပိုင်းကိုလည်း လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းဟာ လူလူချင်းဆက်ဆံဆောင်ရွက်ရသော လုပ်ငန်းဖြစ်တာကြောင့် ဘာသာစကားသင်တန်းများ၊ ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းဖြစ်တာကြောင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၊ ခရီးသွားလုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရေးတို့အတွက် အသိပညာပေး ဆွေးနွေးပွဲများကျင်းပနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလောမြို့ဟာ ခရီးသွားမြို့ဖြစ်တာနဲ့အညီ ခရီးသွားများအကြားထင်ရှားတာကြောင့် အစဉ်အမြဲအရည်အ သွေးနဲ့ ပုံရိပ်မြင့်မားနေဖို့လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စီးပွားရေးရာဝန်ကြီး၊ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်၊ ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်နှင့် တာဝန်ရှိသူများက သင်တန်း(၃)မျိုးတွင် ပထမ၊ ဒုတိယ၊ တတိယထူးချွန်ဆုရှိသူများနှင့် သင်တန်းဆင်းလက်မှတ် များချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်သားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ ၇၂ ဦးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)