ကလောမြို့၌ ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားသည့် ပြည်သူ(၁၂၄၉) ဦးရှိသည့်အနက် (၃၄၃)ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယအကြိမ် ချီးမြှင့်ငွေပေးအပ်

ကလော  ဒီဇင်ဘာ   ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် ကလောမြို့နယ်ရှိ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူ(၁၂၄၉) ဦးရှိသည့်အနက် (၃၄၃)ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ (ဒုတိယ)အကြိမ် ချီးမြှင့်‌ငွေပေးအပ်ခြင်းအခမ်းအနားကို  ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊‌ နေအိမ်ထိခိုက်ပျက်စီးသွားသည့် ပြည်သူ(၃၄၃)ဦးတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်တို့က နေအိမ်ထိခိုက် ပျက်စီးဆုံးရှုံးသွားသည့် ပြည်သူ (၃၄၃)ဦးတို့အား အားပေးစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး၊ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးမှူးတို့က ကလောမြို့နယ်အတွင်းရှိ နေအိမ်ထိခိုက် ပျက်စီးဆုံး ရှုံးသွားသည့် ရေဘေးသင့်ပြည်သူ (၁၂၄၉) ဦးရှိသည့်အနက် ဒုတိယအကြိမ် (၃၄၃)ဦးကို တစ်ဦးလျှင် ငွေကျပ် တစ်ဆ‌ယ့်ခုနှစ်သိန်းငါးသောင်းကျပ်(၁၇၅၀၀၀ဝိ/) နှုန်းဖြင့်‌ရေဘေးသင့်ပြည်သူတို့အား တစ်ဦးချင်းလက်ဝယ်အရောက်ချီးမြှင့်ငွေပေးအပ်ခဲ့သည်။ ထို့နောက် နေအိမ်ထိခိုက်ပျက်စီးသွားသည့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ကလောမြို့နယ် ရှိနေအိမ်ထိခိုက်ပျက်စီးဆုံး ရှုံးသွားသည့် ရေဘေးသင့်ပြည်သူ(၁၂၄၉) ဦးရှိသည့် အနက် ပထမအကြိမ်ကို(၃၄၂)ဦး၊ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဒုတိယအကြိမ်(၃၄၃)ဦး စုစုပေါင်း ၆၈၅ ဦးကို ချီးမြှင့်ငွေပေးအပ်ခဲ့ပြီး ကျန်ရှိနေသော ရေဘေးသင့်ပြည်သူများအား ဆက်လက် ချီးမြှင့်ငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)