ဥတ္တရသီရိ ဒီဇင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများ”စာကြည့်တိုက်နှင့် ဇလောင်း(မြောက်)ကျေးရွာ “ဉာဏသုခစာကြည့်တိုက်” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာ/ဆရာမများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။
ဦးစွာ တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ “အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများ” စာကြည့်တိုက် အဆောက်အဦအသစ်ကို နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကိုကိုမြတ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စံသူနှင့် တောင်ညို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကိုအခြေခံ၍ စနစ်တကျ ပြုစုတည်ဆောက်ရမှာဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊လူရွယ်များအား အဓိကပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်က လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်၊ စာပေလေ့လာ ဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် လမ်းညွှန်ထားကြောင်း၊ မိမိတို့နိုင်ငံ၏ လူနေထိုင်မှုပုံစံအနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ယခုလို ကျေးရွာများအရောက် စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်းရှိနှင့်ပြီးသား စာကြည့်တိုက်များအား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ် စာစောင်များဖြည့်ဆည်းပေးခြင်း၊ လူငယ်များအပါအဝင် ပြည်သူများ အားလုံး စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များဖန်တီးပေးရန် နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်အရ ယခုလိုကျေးရွာ စာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုကော်မတီအနေဖြင့်လည်း ဗဟိုကချမှတ်ထားသည့် လုပ်ငန်းစဉ်(၄)ရပ်ဖြစ်သော ရပ်နားထားသည့် စာကြည့်တိုက်များအား ပြန်လည်ဖွင့်လှစ်မည့် လုပ်ငန်းစဉ်၊ စာကြည့်တိုက်အသစ်များ တည်ထောင်ဖွင့်လှစ်ခြင်း၊ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရန် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စာအုပ်စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူး ရှိစေသောကြောင့် စာအုပ်၊ စာပေတွေကို စဉ်ဆက်မပြတ် ဖတ်ရှု လေ့လာနေကြရမှာဖြစ်ပြီး မိမိကျေးရွာ ဒေသမှာရှိတဲ့ လူငယ်၊ လူရွယ်များကိုလည်း စာဖတ်သည့် အလေ့ကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးကာ အနာဂတ်မှာ နိုင်ငံတော်က အားကိုးအားထား ပြုရသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဥတ္တရသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက စာကြည့်တိုက်ဆိုင်ရာအချက် အလက်များကို တောင်ညိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်ထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီး "အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများ" စာကြည့်တိုက်မှူးထံ အလှူရှင်များက စာအုပ်စာစောင်များ လှူဒါန်းခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ တောင်ညိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပန်းပွားအကဖျော်ဖြေကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဘင်ခရာအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး စာကြည့်တိုက် အတွင်း စာပေလေ့လာဖတ်ရှုနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် စာအုပ်စာစောင်များထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီဌာန တိုင်းဦးစီးမှူး ဦးအောင်ခိုင်ဆွေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးကိုကိုမြတ်နှင့် ဇလောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေတို့က ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(မြောက်)ကျေးရွာရှိ “ဉာဏသုခစာကြည့်တိုက်” အဆောက်အဦသစ်အား ဖဲကြိုးဖြက်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)