မြစ်ကြီးနား ဒီဇင်ဘာ ၂၈
နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ခရစ်တော်မွေးနေ့အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲတွင် နှစ်ခြင်းခရစ်ယာန်အသင်းတော် သိက္ခာတော်ရဆရာတော်များနှင့် သင်းထောက်များ ဦးဆောင်၍ ဝတ်ပြုဆုတောင်းပွဲ အစပြု ဆုတောင်းဆက်ကပ်ပေးကြပြီး ပြည်နယ်ဝန်ကြီးက ခရစ်တော်မွေးနေ့မြတ်အချိန်အခါကာလ တွင် ယခုလို နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူအတူတကွ ကျေးဇူးတော်ချီးမွမ်းခွင့်၊ ဆုတောင်းဆက်ကပ်အပ်နှံခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်နယ်ဝန်ကြီးက တက္ကသိုလ်ခရစ္စမတ်ပွဲတော်အတွက် အလှူငွေကျပ် ၁၀ သိန်းကို ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးထံပေးအပ်သည်။
ထို့နောက် ခရစ်ယာန်အသင်းတော် သိက္ခာတော်ရဆရာများက ဦးဆောင်၍ ဆုတောင်းဆက် ကပ်ကောင်းချီးတောင်းခံခြင်း၊ ကျောင်းသား/ ကျောင်းသူများက ဓမ္မတေးသီချင်း သံပြိုင်သီဆိုဆက်ကပ်ခြင်း၊ ခရစ်တော်မွေးနေ့ အမှတ်တရ သရုပ်ဖော်ဇာတ်လမ်းတိုဖြင့် ဆက်ကပ်ခြင်း၊ ဓမ္မဒေသနာ တော်များနာယူခြင်းနှင့် သိက္ခာတော်ရဆရာ REV; တန်ဂွန်းဂျွန်က ကောင်းချီးတောင်းခံဆုတောင်း ဆက်ကပ်ပေးခြင်းတို့ကို အတူတကွ ဆောင်ရွက်ခဲ့ကြပြီး ဒုတိယပါမောက္ခချုပ်က အစီအစဉ် အစ၊ အလယ်၊ အဆုံး ပါဝင်ဆက်ကပ်သူများအားလုံးအတွက် ကျေးဇူးတင်စကားပြောကြားကာ ခရစ္စမတ်လက်ဆောင်များကို ပြည်နယ်ဝန်ကြီးနှင့် သိက္ခာတော်ရဆရာတို့ထံ ပေးအပ်ခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးသည် ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့် ကျောင်းဝင်း အဝင်လမ်းဘေး၌ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးဆောင်ရွက်ထားသည့် ပန်းနှမ်းစိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)