တာချီလိတ်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

တာချီလိတ် ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် မတည်ပြီး ကျေးရွာသူ/ကျေးရွာသားများ ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော် စံပြကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မယ်လိတ်ပါကော် ကျေးရွာသူကြီး ဦးယောဘက ကွန်ကရစ်လမ်းသစ်ဖောက်လုပ်ပြီးစီးခြင်းနှင့် စပ်လျဉ်း၍ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားကာ တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများကို အာခါတိုင်းရင်းသားရိုးရာလွယ်အိတ်အား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းနှင့် မယ်လိတ်ပါကော် ကျေးရွာသူကြီး ဦးယောဘတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တက်ရောက်သူများ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား လိုက်လံကြည့်ရှုခဲ့ ကြသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မယ်လိတ်ပါကော် ကျေးရွာ ကွန်ကရစ်လမ်းသစ်သည် အရှည်ပေ ၄၂၅ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိပြီး ခွင့်ပြုငွေ ၁၅.၀၀ ကျပ်သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၀.၉၀ ကျပ်သန်း၊ စုစုပေါင်း ၁၅.၉၀ ကျပ်သန်း အကုန်ကျခံ ဆောင်ရွက်သည့် ကွန်ကရစ်လမ်းသစ်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)