မော်လမြိုင် ဒီဇင်ဘာ ၂၈
ကျောင်းသား/သူ၊ လူငယ်လူရွယ်များ ဘာသာတရားကိုင်းရှိုင်းပြီး ယဥ်ကျေးလိမ္မာစေရန်၊ လူငယ်များတွင် တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီသည့်စိတ်၊ ရိုးရာယဥ်ကျေးမှုကို မြတ်နိုး ထိန်းသိမ်းသည့်စိတ်၊အမျိုးအနွယ်ကို စောင့်ထိန်းသည့်စိတ်ဖြင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ ကြီးမှူးကျင်းပသော (၇၅) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ချောင်းဆုံမြို့နယ် ကညှော်တိုက်ကျောင်း၌ မွန်ဘာသာဖြင့်လည်းကောင်း၊ ကညှော်အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ကျောင်း သား၊ ကျောင်းသူများ၏ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို မွန် ပြည်နယ်အတွင်း အခြေခံပညာကျောင်း များနှင့် ဘုန်းတော်ကြီးကျောင်းများရှိ စာစစ်ဌာန(၇၁)ခုတို့၌ အငယ်တန်း(၆၃၂၇)ဦး၊ အလတ်တန်း (၁၆၆၉)ဦး၊ အကြီးတန်း (၁၇၁)ဦးနှင့် မွန်ဘာသာဖြင့်ဖြေဆိုသူ(၅၂)ဦး၊ စုစုပေါင်း (၈၂၁၉)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း၊ YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ သြဝါဒဆရာတော်ကြီးများ၊ အသင်းနာယကများ၊ အလုပ်အမှုဆောင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များက ဝိုင်းဝန်းကူညီကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)