ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာရှိ စီးပွားဖြစ်ကြံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ပုဗ္ဗသီရိ   ဒီဇင်ဘာ   ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံáတောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဒေသခံတောင်သူအချို့အနေဖြင့် ကြံသီးနှံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း  ကျည်တောင်ကန်ကျေးရွာမှ စိုက်ပျိုးရေးတောင်သူ ဦးဇော်မင်းထံမှ သိရသည်။

ကျွန်တော်တို့ ကျေးရွာမှာ ကြံသီးနှံကို စီးပွားဖြစ်စိုက်ပျိုးတာ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ စိုက်ပျိုးတဲ့ကြံကတော့ အရင်နှစ်က စိုက်ပျိုးပြီးကြံပင်တွေကို ခုတ်ပိုင်းပြီး စိုက်ပျိုးထားတာပဲဖြစ်ပါတယ်။ ကြံသီးနှံက စိုက်ပျိုးပြီး သက်တမ်း(၁)နှစ်ရှိရင် ခုတ်ရောင်းလို့ရပါတယ်။ ကြံသီးနှံက အရင်းအနှီးကလည်းနည်းတော့ စိုက်ပျိုးစရိတ် အကုန်အကျ အများကြီး သက်သာပါတယ်။ ယခုကျွန်တော်(၂)ဧက စိုက်ပျိုးထားပါတယ်။ ကျွန်တော့ကြံခင်းဆိုရင် ပျိုးပင်အတွက် ကုန်ကျမှုမရှိပဲ ခုတ်ရောင်းမယ်ဆိုရင် သိန်း(၃၀)လောက် အမြတ်ရရှိမှာဖြစ်ပါတယ်။ ရောင်းတဲ့ အချိန်ကျရင်လည်း မြို့ပေါ်ကို သွားရောင်းစရာ မလိုပါဘူး။ လက်လီရောင်းချတဲ့ ဈေးသည်တွေက စိုက်ခင်းအရောက် လာရောက်ဝယ်ယူပါတယ်။ ကြံခင်းကို ခုတ်ရောင်းပြီးရင်လည်း ကြံငုတ်ကနေ ထွက်လာတဲ့ ကြံအတက်တွေက ပျိုးပင်အဖြစ် တစ်ပင်ကို ငွေကျပ် ၅၀၀၊ ၆၀၀လောက်နဲ့ တစ်ခါပြန်ရောင်းရလို့  ကြံသီးနှံဟာ နှစ်သီးစားဝင်ငွေရရှိပါတယ်။ ဒါကြောင့် ကြံသီးနှံဟာစိုက်ပျိုး စရိတ် အရင်းအနှီးနည်းပြီး အကျိုးအမြတ်များလို့ အရမ်းအဆင် ပြေတယ်။ ဒေသခံတောင်သူတွေ အနေနဲ့ကလည်း ကြံသီးနှံကို တွဲဖက်စိုက်ပျိုးသင့်ပါတယ်ဟု ကျည်တောင်ကန်ကျေးရွာမှ စိုက်ပျိုးရေးတောင်သူ ဦးဇော်မင်းကပြောပြသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာများသည် စိုက်ပျိုးရေ ပေါကြွယ်ဝမှုရှိခြင်းကြောင့် တောင်သူများက ဆန်စပါးအပြင် မြေပဲ၊ နေကြာ၊ ပြောင်းဖူး၊ ငရုတ်၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ကြက်သွန်၊ ခရမ်းချဉ်၊ အခြားဟင်းသီးဟင်းရွက် သီးနှံမျိုးစုံနှင့် ဘုရားပန်းများဖြစ်သည့် သပြေပန်း၊ မေမြို့ပန်း များကိုလည်း စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် အချို့တောင်သူများက တစ်ပိုင်တစ်နိုင် ကြံသီးနှံကို တွဲဖက်စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းမှုရှိ၍ လုပ်ငန်းအဆင် ပြေ ဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)