စစ်တွေ ဒီဇင်ဘာ ၂၈
ဥပ္ပါတသန္တိ ပရိတ်တော်ရွက်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကြပြီး ရွှေစေတီပရိယတ္တိစာသင်တိုက်ပဓာနနာယက ပြည်နယ်ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားမှုကြီးကြပ်မှု အဖွဲ့အတွင်းရေးမှူး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝံသထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြ သည်။ ထို့နောက် ဒေါက်တာ ဘဒ္ဒန္တ အရိယဝံသထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ပြည်နယ် သာသနာရေး မှူးရုံးမှတာဝန်ရှိသူများက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပေးကြသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့်စက်ချုပ်သင်တန်း ဆင်းပွဲအခမ်း အနားသို့တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စက်ချုပ်ပညာရပ်သည် မိန်းကလေးများနှင့် လိုက်ဖက်သည့် အလုပ်ဖြစ်သကဲ့သို့ ယခုပညာရပ်ကို တတ်မြောက်ထားသူများအနေဖြင့် မိမိအိမ်တွင် နေထိုင်ရင်း ကိုယ်ဝါသနာပါသည့် သက်မွေးဝမ်းကျောင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်ကစ၍ လုပ်ကိုင်နိုင်သော အမျိုးအစားဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများမှာ လုပ်ကိုင်မည်ဆိုလျင်လည်း စက်ချုပ်တတ်သူဖြစ်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ပိုမိုသေချာစေသော လုပ်ငန်းလည်းဖြစ်ကြောင်း၊ မိမိတို့ တတ်မြောက်ထားသော စက်ချုပ်ပညာနှင့် အသစ်အသစ်သော ဒီဇိုင်းများကို မိမိကိုယ်တိုင် ဖန်တီးချုပ်လုပ်နိုင်သကဲ့သို့ မိမိ၏ဖက်ရှင်အမြင်ရှိလျင် ဖန်တီးနိုင်သည့်စွမ်းအားအတိုင်း စိတ်ကြိုက်ဆောင်ရွက်နိုင်ကာ ပွဲလည်တင့်တယ်စေမည်ဖြစ်ကြောင်းနှင့် သင်တန်းသူများအနေဖြင့် ယခုသင်တန်းက အခြေခံကောင်းများရရှိပြီးဖြစ်သည့်အတွက်ကြောင့် ထပ်မံ၍မိမိစိတ်ဝင်စားသည့်အပိုင်းများကိုအထူးပြု၍ ပြင်ပမှသင်ခန်းစာ စာအုပ်များကိုလေ့လာကာ သင်ခန်းစာများကို မမေ့ပျောက်အောင် လက်တွေ့လုပ်ဆောင်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ သင်တန်းဆရာမများအား ဂုဏ်ပြုဆု၊ သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက်သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ သင်္ဘောများဖြင့် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီရတနာပန်းတောင်းသင်္ဘောပေါ်မှ အခြေခံ စားသောက်ကုန် ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများကို အတင်အချပြုလုပ်နေမှုအား စစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်းအမြန်ဆုံး ဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီ-ရဲထွန်းအောင် သင်္ဘောပေါ်မှ ဆန်နှင့်လူသုံးကုန်ပစ္စည်းများအားအတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)