ထန်းတပင်မြို့နယ်၌ ပညာရေးမိသားစုငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏၂၀၂၃-၂၀၂၄၊ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် ပညာရေးမိသားစုငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄၊ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် သဘာပတိဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်တို့က အမှာစကားများပြောကြားခဲ့ကြပြီး မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော်က အသင်းသားများ၏ စုဆောင်းငွေများတိုးမြှင့် စုဆောင်းနိုင်ရေး၊ အသင်းသားများသို့ ထုတ်ချေးငွေများ မြှင့်တင်နိုင်ရေး၊ အသင်း သားများ၏ လူမှုစီးပွား ဘဝများ မြှင့်နိုင်ရေးဆောင်ရွက်ရာတွင် အသင်းသားများ၊ အမှုဆောင်များ၊ ဒါရိုက်တာများ အနေဖြင့်လည်း မြို့နယ်သမဝါယမဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အသင်းရေရှည်တည်တံ့ နိုင်ရေးကိုရှေးရှုဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄၊ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်စာနှင့်ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့ကြပြီး ပညာရေးသမဝါယမအသင်း၏ အသင်းသား(၅၃၃)ဦးတို့၏ စုဆောင်းငွေပေါ်အတိုးရငွေ၊ အသင်းသားပံ့ပိုးငွေနှင့် အစုပေါ်အမြတ်ငွေကျပ်စုစုပေါင်း (၉၁၉၇၇၉၈.၈၈)ကို မြို့နယ်သမဝါယမဦးစီးဌာန  ဦးစီးအရာရှိ ဦးဝင်းဇော်၊ သဘာပတိဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်တို့ကအသင်းသားများထံသို့ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)