ပြင်ဦးလွင်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ   

ပြင်ဦးလွင် ဒီဇင်ဘာ ၂၈

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချ  မျှဝေနိုင်ရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများတက်ရောက်အားပေးကြသည်။  

ရှေးဦးစွာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ပြင်ဦးလွင်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) ကျောင်အုပ်ကြီး ဒေါက်တာကြူကြူဆွေ၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်  စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြကာ ပါဝင်ကူညီခဲ့သည့် ပန်းဖွားအဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် တိုးနယားအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။   

ဆက်လက်၍ အခမ်းအနားကို အဆိုပါကျောင်း၌ ကျင်းပရာ  အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)မှ ကျောင်းသား/သူများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ “နိုင်ငံ့အကျိုးအတွက် မျှော်မှန်းရည် ခိုင်မာတိုးတက်စေရမည်”  Video Clip ပြသခြင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခြင်း ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)မှ ကျောင်းသား/ သူများက “ အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ ထိန်းသိမ်းစို့လေ”  သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊  အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) တက္ကသိုလ်စာကြည့်တိုက်အတွက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်း၊ အ.ထ.က (အနီးစခန်း)မှ ကျောင်းသား/ သူများက “ ချင်းရိုးရာ အောက်ချင်းငှက်အက” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ရွှေသုဝဏ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/သူလေးများက “ခေတ်ငါးခေတ်တေးသရုပ်ဖော်အက” ဖြင့် ကပြဖျော်ဖြေခြင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)မှ ကျောင်းသူများက “ ပန်းကမ္ဘာမျှော်စင်သီချင်း" နှင့် “ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ ” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ 

ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာပြခန်းများ၊ ဓါတ်ပုံပြပွဲများ၊ စစ်တုရင်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ  (E–Skill)၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အထွေထွေဉာဏ်စမ်းသုတပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် ဂိမ်းပြိုင်ပွဲများ ကျင်းပနေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယခုကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ ပြင်ဦးလွင်မြို့ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီးပွဲတော်တွင် ခင်းကျင်းပြသထားသည့်ပြခန်းများကို  ကြည့်ရှုလေ့လာကာ ပြိုင်ပွဲများနှင့် ဖျော်ဖြေပွဲများတွင်လည်း ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲ့ခဲ့ကြသည်။   

ခရိုင် (ပြန်/ဆက်)