ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟိုပုံးမြို့နယ်၌  ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ဟိုပုံး   ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၆/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ သင်တန်းဆင်းတပ်ခွဲက ကတိသစ္စာခံယူ၍ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်က သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသူများအား တစ်ဦးချင်းဂုဏ်ပြဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်း ဆင်း မိန့်ခွန်းပြောကြားကာ သင်တန်းဆင်းတပ်ခွဲက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ ကြသည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်တို့က ဘုရင်နောင်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း သင်တန်း သားများနှင့်တွေ့ဆုံ၍ ဂုဏ်ပြုစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)