ကျိုင်းတုံ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လွိုင်မွေဒေသတွင် စတုတ္ထအကြိမ် ချယ်ရီပန်းပွဲတော် ၂၀၂၅ ကို ဇန်နဝါရီလ ၁ ရက်မှ ၅ ရက်နေ့အထိ လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ လွိုင်မွေဒေသသို့ ချယ်ရီပန်းပွင့်ချိန်တွင် ရှမ်းအရှေ့ဒေသရှိ ပြည်သူများ သွားရောက်ကြည့်ရှု ဓာတ်ပုံရိုက်လေ့ရှိပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ လွိုင်မွေဒေသတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့် ရှောက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်မှ စတင်၍ နှစ်စဉ် ဆောင်းရာသီကာလ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ချယ်ရီပန်းများပွင့်ဖူးချိန်တွင် ရက်သတ်မှတ်ကာ ချယ်ရီပန်းပွဲတော် ကျင်းပလာခဲ့ကြောင်းနှင့် ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ချယ်ရီပန်ပွဲတော်ကာလ ငါးရက်အတွင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဂုံရှမ်း၊ အာခါ၊ လားဟူ၊‘ဝ’၊ လီဆူ၊ လွယ်၊ အားခေ တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း၊ ဒေသထွက်အမှတ်တရ ရိုးရာပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ၊ MSME လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် စသည့် အကြောင်းအရာကို ပြခန်းများဖြင့် ပြသ၊ ရောင်းချပေးခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ကျိုင်းတုံ) ရုံးမှ သိရသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ အဆိုပါရာသီတွင် ချယ်ရီပန်းများ ပွင့်ကြသော်လည်း လွိုင်မွေ ချယ်ရီပန်းများ ဒေသကဲ့သို့ အများအပြား အစုလိုက်အပြုံလိုက် ပွင့်သောနေရာ ရှားပါးသည်။ ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း သစ်တောဦးစီးဌာနနှင့်အလှူရှင်များ ပူးပေါင်း၍ လွိုင်မွေတောင်စခန်းမြို့ အတက်/အဆင်းလမ်းဘေးဝဲယာနှင့် ကန်ပတ်လည်တို့တွင် ချယ်ရီပင် (၂၇၀၀) ပင် ထပ်မံစိုက်ပျိုးထားရှိပြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လွိုင်မွေတောင်စခန်းမြိုသည် ပင်လယ်ရေမျက်နှာပြင်အထက်သည် ပေ (၅၅၄၂) တွင် တည်ရှိပြီး အထင်ကရ လွိုင်မွေရေကန်၊ နှစ်တစ်ရာစံအိမ်စသည့် အမှတ်တရ ဓာတ်ပုံရိုက်ကူးသည့် နေရာများ များပြားသည့်အပြင် ဆောင်းရာသီကာလ ချယ်ရီပန်းပွင့်ချိန်တွင် နှစ်စဉ်လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)