သထုံမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ သထုံခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီမှကြီးမှူး၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး‌ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက်က သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ ခရိုင်ဥပဒေအရာရှိဦးသန့်ဇင်အေးက အဖွင့်အမှာစကားပြောကြားပြီး သထုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုစိုးက ကလေးသူငယ်၏ အသက်အရွယ်အပိုင်းအခြားနှင့် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ တည်ဆဲဥပဒေအရ ကလေးအလုပ်သမား ခိုင်းစေခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ၊ အလုပ်ရုံ အလုပ်ဌာနများအနေဖြင့် ကလေးအလုပ်သမား အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သိရှိထားရမည့်အချက်များ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားကင်းစင်ရေး ဆောင်ရွက်နေမှုများစသည်တို့ကို ရှင်းလင်းဆွေးနွေးဟောပြောသည်။

ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် ကလေးအလုပ်သမားပ‌ပျောက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုတို့ကိုရှင်းလင်းဆွေးနွေးကြကာ စက်ရုံအလုပ်ရုံအသီးတို့မှ လုပ်ငန်းရှင်များက သိလိုသည်တို့ကို မေးမြန်းကြပြီး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း‌ဆွေးနွေး‌ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သထုံခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သထုံမြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံအသီးသီးတို့မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်