ဂက်(စ်)ဖြည့်ဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး

မောက်မယ် ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့်   မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ ဂက်(စ်)ဖြည့်ဆိုင်များအား ယမန်နေ့ နေ့လယ် ၂ နာရီခွဲက ကြိုတင်လိုက်လံကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းလင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဂက်(စ်)ဖြည့်ဆိုင်များ၊ စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိမိစျေးဆိုင်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်သရိုက်များရှင်းလင်းထားရန်၊ မိမိစျေးဆိုင်ခန်းနှင့်စျေးဆိုင်ဥပစာအတွင်း ခွင့်ပြုချက်မရှိဘဲ လောင်စာဆီသိုလှောင်ခြင်း ရောင်းချခြင်းမပြုလုပ်ရန်၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရန်  မီးဘေးလုံခြုံရေးအတွက် ရေပုံးနှင့် မီးချိတ်မီးကပ်၊ မီးသတ်ဆေးဗူးများထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအသုံးမပြုရန်၊ ဆိုင်တွင်လူမရှိသောအခါ လျှပ်စစ်မိန်းခလုပ်များပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှတ်သားထားရှိရန်၊ မီးလောင်မှုများဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်မီ မီးငြှိမ်းသတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)