စဉ့်ကိုင် ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က(သင်္ဂတုံ)တို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက် လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စသည်တို့ကိုရည်ရွယ်ကာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်ကသင်္ဂတုံကျေးရွာရှိ “ဘဝအလင်းသစ်” စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းခဲ့ကြသည်။ ထို့နောက်အ.မ.က (သင်္ဂတုံ)မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၂၇)ဦးတို့က ကဗျာရွတ်ဆိုပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲတို့တွင် အလှည့်ကျ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ဆုရရှိသော ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်လက်ထောက်-၃နှင့် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ကျေးရွာစာကြည့်တိုက်များတွင် လစဉ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)