စစ်တွေ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်သည် ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်နက်၊ မရမာကြီး၊ ကမန်စသည့်မျိုးနွယ်စု (၇) မျိုးအပြင် ချင်းတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများလည်း အတူတကွစုပေါင်းညီညွတ်စွာ နေထိုင်ကြသည့်ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ မတူကွဲပြားသည့်ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့် ဘာသာများရှိကြသော်လည်း အတူပေါင်းစည်းနေထိုင်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည်ဖြင့် ကဏ္ဍပေါင်းစုံတိုးတက်မှုများရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းသည် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုဖြစ်ကြောင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းလိုအပ်ချက်အရ တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက သင်တန်းသားများ ရယူစုဆောင်ပေးပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းမှ နည်းပြဆရာမများဖြင့် အခြေခံစက်ချုပ်သင်တန်းကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ စက်ချုပ်ပညာရပ်သည် မိမိကကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့လာသင်ကြားနိုင်မည်ဆိုလျင် အင်မတန်အကျိုးရှိသည့် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်ပြီး မိမိဘဝရပ်တည်ရေးအတွက် စီးပွားဖြစ်ရပ်တည်နိုင်သော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခြေခံစက်ချုပ်နည်းမှ အဆင့်မြင့်အထိ ကျွမ်းကျင်တတ်မြောက်သွားအောင် ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အကောင်းဆုံးဆောင်ရွက်နိုင်သည့် သင်တန်းသူများ အတွက်လည်း ကိုယ်ပိုင်အသက်မွေးလုပ်ငန်း တည်ထောင်နိုင်ရန် ပထမဆုရရှိသူအတွက် အပ်ချုပ်စက်တစ်လုံး ဆုချီးမြှင့်နိုင်ရန်နှင့် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ယခုအခွင့်အရေးကို အကျိုးရှိစွာအသုံးချပြီး စိတ်ပါဝင်စားစွာ သင်ယူမှတ်သားကြရန်နှင့် သင်တန်းသူများအချင်းချင်း ရိုင်းပင်းကူညီကာ တက်ရောက်သင်ကြားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်က သင်တန်းတွင်ပို့ချမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အခြေခံစက်ချုပ်သင်တန်းအတွက် ချီးမြှင့်ငွေကျပ်သိန်း (၁၈၀) ကို ပေးအပ်ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ သွားရောက်ပြီး သင်တန်းသူများအား အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးကြာကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တာဝန်ရှိသူများက သင်တန်းသူများကို သင်ထောက်ကူပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဦးစီးဌာန၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းလုံခြုံရေး၊ ရုံးလုံခြုံရေးနှင့်စာရွက်စာတမ်းများလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့၏ရုံးနှင့် ဝန်ထမ်းအိမ်ရာများ၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများသက်သာရှောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေမှု၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးမှု၊ ဆန်နှင့်ထောက်ပံ့ပစ္စည်း များပေးအပ်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှု တို့ကိုလှည့်လည်ကြည့်ရှုခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပသော ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဧကာဒသမတန်းနှင့်ဒွါဒသမတန်း ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသည်။ သင်တန်းဆင်းပွဲတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ရခိုင်ပြည်နယ် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကျင်းပရေးဦးစီး ကော်မတီနာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် (၁၀) ရက် သင်တန်းကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း၊ သင်တန်းသည် ရက်တိုသင်တန်း ဖြစ်သော်လည်း သင်တန်းနည်းပြများက လက်တွေ့နှင့်သဘောတရားများကို အားသွန်ခွန်စိုက်ပို့ချ ဆွေးနွေးပေးကြသကဲ့သို့ သင်ယူကြသည့် ဆရာ၊ ဆရာမများကလည်း လိုလိုလားလားစနစ်တကျ လေ့လာမှတ်သားကြသည်ကို တွေ့ရှိရသည့်အတွက် ရာနှုန်းပြည့်အောင်မြင်သည့် သင်တန်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းကရရှိလာသည့် ဥပဒေဗဟုသုတများနှင့်ရပ်မနေဘဲ မိမိတို့အား လပ်ချိန်များမှာ ဆက်လက်လေ့လာ သင်ယူကြရမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်လာစေရန်အတွက် ကျောင်းသားလူငယ်များ၏ အနာဂတ်လှပအောင် ပြုစုပျိုးထောင်နေကြသော ဥယျာဉ်မှူးကြီးများဖြစ်ခြင်းကြောင့် ယခုသင်တန်းက ရရှိသော ဥပဒေအသိပညာများနှင့် ကျင့်ဝတ်၊ စည်းကမ်းကောင်းမွန်သည့် နိုင်ငံသားကောင်းရတနာများ မွေးထုတ်ပေးနိုင်အောင် ဆရာ၊ ဆရာမများက အစွမ်းကုန်ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က သင်တန်းတွင်ဆုရရှိကြသော ဆရာ၊ ဆရာမများအား ဆုများ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းနှင့် စပ်လျဉ်းသည့် လှုပ်ရှားမှုဗီဒီယိုအားပြသကာ ပြည်နယ်ဥပဒေချုပ်က သင်တန်းတက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမများအား သင်တန်းဆင်းအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။ ယင်းနောက် ဆရာ၊ ဆရာမများကိုယ်စား ဆရာတစ်ဦးကကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ဆရာ၊ ဆရာမများက စည်းကမ်းသီချင်းဖြင့် ကပြသီဆိုဖျော်ဖြေကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကပြသီဆိုဖျော်ဖြေပေးခဲ့ကြသည့် ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)