နေပြည်တော် ဒီဇင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆောင်းသီးနှံအပြည့်အဝ စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၆ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့မှုကြောင့် မိုးစပါး၊ မိုးသီးနှံများ ပျက်စီးခဲ့မှုအပေါ် ဆောင်းသီးနှံနှင့် နွေသီးနှံများ လျာထားချက်ထက် တိုးချဲ့စိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သီးထပ်စွမ်းအားတိုးတက်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧကများတွင် အချိန်မီ စိုက်ပျိုးနိုင်ရေး မြေပြုပြင်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီစွာဆောင်ရွက်နိုင်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်အတွင်း ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ဆီစက်များ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နေပြည်တော်အတွင်း ဆောင်းသီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍ လက်ရှိစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ဆက်လက်စိုက်ပျိုးမည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)