လယ်ဝေးမြို့နယ်၊ မြို့မ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့မ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမြတ်ခိုင်က အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade.9 မှ မပန်းအိဖြူက လူငယ်နှင့်စာရိတ္တ၊ မောင်ဘုန်းမြတ်လင်းက လူငယ်နှင့်ရည်မှန်းချက်၊  မသီရိ‌အောင်က လူငယ်နှင့်စာဖတ်ခြင်း၊ မောင်သုတဘုန်းဇံက လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)