နေပြည်တော် ဒီဇင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုများအား SOPနှင့်အညီရှင်းလင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေနံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စိုက်ပျိုးမြေများ သုံးစွဲမှုနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် ကျူးလွန်သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ အတွက်ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လယ်ယာမြေများ၊ စိုက်ပျိုးမြေများ မလျော့ပါးစေရေး၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းကျူးလွန်အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် SOPနှင့်အညီ ဘက်စုံထောင့်စုံစိစစ်ပြီး စနစ်တကျ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များသို့ လယ်ယာမြေကို အခြာနည်း အသုံးပြုခွင့် လျှောက်ထားလာမှုများနှင့်စပ်လျဉ်း၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဆောင်းသီးနှံများကို စိုက်ဧက ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးညီညီမင်းနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ နေပြည်တော်အတွင်းရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုများအား SOP နှင့်အညီ စီမံဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်တင်ပြကြပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း၊ (ပြန်/ဆက်)