မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ် တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲနှင့် အလှူတော်အစုစု ရေစက်ချမင်္ဂလာအခမ်းအနား တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော ဣစ္ဆာသယ သိဒ္ဓိရှင်လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲနှင့် အလှူတော်အစုစု ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နဂါးမောက်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်ဧည့်ပရိသတ်များ တက်​ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီးကို ဖူး‌မြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူ‌ဇော်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ပင့်သံဃာဆရာတော်ကြီးများနှင့် သံဃာ(၁၁၁) ပါးတို့အား သံဃာ့ဒါနဆွမ်းခြောက်များ လောင်းလှူခဲ့ကြသည်။

ဆက်လက်၍ အလှူတော်ရေစက်ချ မင်္ဂလာအခမ်းအနားကို စေတီတော်မြတ်ကြီး၏ ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ မြစေတီစာသင်တိုက်၏ ဦးစီးပဓါနနာယက ဆရာတော် (ဝိနယပါဠိပါရဂူ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)