ကျောက်ဆည်မြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူလူငယ်များ အတတ်ပညာသာမက အသိပညာဗဟုသုတများရှာမှီးနိုင်ရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာကြည့်တိုက်များသို့ သွားလာရောက်လေ့လာနိုင်ရန် ယနေ့နံနက်(၁၁)နာရီက  ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ စာပေဖတ်သည့် အလေ့အကျင့်များရရှိလာစေရန်နှင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေ ချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် လူငယ်များ ဖြစ်လာစေရေးနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ဗလငါးတန်နှင့်ပြည့်စုံရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ  ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းမှ ကျောင်သား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်းနှင့်ပြိုင်ပွဲအပြီးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)