ပျော်ဘွယ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၂၆

ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက မယ်ဇလီအိုင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက မီးဘေးအန္တရာယ်ကာကွယ်ရမည့် နည်းလမ်းများ၊ မီးလောင်မှု မတော်တဆဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်မှု ဖြစ်စဉ်၏ သဘောသဘာဝနှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာတွင် အသုံးပြုနိုင်ရန်အတွက် DCP 3kg မီးသတ်ဆေးဘူး(၂)ဘူးကို ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွေးက လက်ခံရယူသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက မီးသတ်ဆေးဘူးအသုံးပြု၍ ပြည်သူများ လက်တွေ့မီးငြှိမ်းသတ်တတ်စေရန်အတွက် မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားပြီး ပြည်သူများအား လက်တွေ့မီးငြှိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြ ပြုလုပ်စေခဲ့ကြောင်း၊ ကျေးရွာအတွင်း မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)