မိတ္ထီလာ ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်ကြားသင်ယူမှုထိရောက်ရေးအရည်အသွေးမြှင့်ဆွေးနွေးပွဲ (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အ.ထ.က (၁) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကား ပြောကြားသည်။ ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်မော်မော်က ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအကြောင်း ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးသည်။ အဆိုပါ အခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ အထက်တန်းကျောင်းအုပ်များ၊ အထက်တန်းအဆင့်သင်ဆရာဆရာမများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်များနှင့် ဆရာဆရာမများ စုစုပေါင်း ၂၈၁၆ ဦး တက်ရောက်သည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာကြသည် ကျောင်းအုပ်များနှင့် အထက်တန်းအဆင့်သင်ဆရာ၊ ဆရာမများအား မိတ္ထီလာတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ သင်တန်းနည်းပြဆရာ၊ ဆရာမများက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဦးဆောင်ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ