စစ်တွေ ဒီဇင်ဘာ ၂၅
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားအဖွဲ့အား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ်ကိုယ်စားပြုအားကစားသမားများနှင့် အုပ်ချုပ်၊ နည်းပြများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ(၁)ရက်နေ့မှ (၂၀) ရက်နေ့ထိ နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရန် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံဂုဏ်ဆောင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် တိုင်ဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူ့တစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှ အလားအလာကောင်းမွန်သော လူငယ်အားကစားမျိုးဆက်သစ်များ ပေါ်ထွန်းလာပြီး နိုင်ငံလက်ရွေးစင်အသင်းတွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ ဆုရကစားသမားများအပြင် ဆုမရရှိသော်လည်း စံချိန်ကောင်းသော ကစားသမားများလည်း လူငယ်လက်ရွေးစင်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အားကစားကဏ္ဍမြင့်မားခြင်းသည် ယင်းနိုင်ငံ၏ ပုံရိပ်ကိုမြှင့်တင်နိုင်ခြင်း ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်၏ အားကစားကဏ္ဍကို မြှင့်မားခြင်းသည် ရခိုင်ပြည်နယ်၏ပုံရိပ်ကို မြှင့်တင်ရာရောက်သည့်အတွက် အားကစားမောင်မယ်များအနေဖြင့်လည်း အားကစားနည်းအလိုက် အောင်မြင်မှုရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းနှင့် အမျိူးသားအားကစားပွဲတော်ကြီး ကျင်းပပြီးစီးသွားသော်လည်း နောင်လာမည့် ပြိုင်ပွဲများအတွက် စဉ်ဆက်မပြတ် လေ့ကျင့်မှုများ ပြုလုပ်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ်ကိုယ်စားပြုအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည် မှတ်တမ်းဗီဒီယိုကို ပြသခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ရခိုင်ပြည်နယ်မှ အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားစုစုပေါင်း (၃၅၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ(၅)ခု၊ ငွေ(၁၁)ခု၊ ကြေး(၁၆)ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့် (၁၂) ရရှိခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)