မိုင်းကိုင် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့်ပြခန်းပြပွဲကို ယမန်နေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းဆွေးနွေးကာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူများက “မိုးထိလွှင့်ပျံလွတ်လပ်ရေးနေ့အသံ” ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပွဲကို ယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိသူများက ပြိုင်ပွဲဝင်ဆုရကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို “နန်းဦးပျဉ်” နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို ခင်းကျင်းပြသရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)