ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေနယ်မြေသို့ ပြည်တွင်း ခရီးသွားဧည့်သည်လာရောက်မှု နှစ်သိန်းကျော်ထိရှိနေ

ညောင်ဦး ဒီဇင်ဘာ ၂၅

ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများသို့ ပြည်တွင်းဘုရားဖူး ဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ရှိသူများ ထံကသိရသည်။

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ် တန့်ကြည်တောင် စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိဘုရားများတွင် ကားထားသည့်နေရာ အခက်အခဲဖြစ်သည်အထိ ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။

ပွဲတော်အချိန်ခါမဟုတ်သည့် (အခါကြီးရက်ကြီး) အချိန်မှာပင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် ပြည်တွင်း/ပြည်ပ ခရီးသွား အဆက်မပြတ်လာရောက်သည့် မြို့ဖြစ်ကာ ဒီဇင်ဘာ ခရစ္စ မတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ဘုရားဖူးလာရောက်သူ နှစ်သိန်းကျော် လာရောက်ဖူးမြှော် လေ့လာခဲ့ခြင်းကြောင့် ညောင်ဦးမြို့၊ ပုဂံမြို့ရှိ ဟိုတယ်၊ တည်းခိုရိပ်သာများအားလုံးပြည့်နေပြီး‌ နေ့ခြင်းပြန်ဘုရား-ဖူးကားများ၊ ဘုရားဖူး ပြည်သူများလည်း အလွန်များပြားလျှက်ရှိကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီ ဘဏ္ဍာတော်ထိန်းဂေါပက အတွင်းရေးမှူး ဦးထင်လင်းဦးကပြောကြားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရား၊ သာသနိက အဆောက်အအုံများနှင့် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းမကြီးတလျှောက် ဖွင့်လှစ်ရောင်းချနေကြသည့် ရိုးရာထန်းတဲများ၌လည်း ခရီးသွားဘုရားဖူးများ ဝင်ရောက်မှု များပြားလျက်ရှိနေခြင်းကြောင့် ထန်းလျက်အမျိုးမျိုး၊ ဆုံကြိတ် ဆီဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီများ အရောင်းအဝယ် ကောင်းမွန်နေပြီး ညောင်ဦးမြို့နှင့် ပုဂံမြို့တို့တွင်လည်း အီးဘိုက်၊ မီနီအိုးဝေ၊ မြင်းလှည်း၊ ကားအငှားလိုက်သူများနှင့် စားသောက်ဆိုင်များ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ လက်အလှပန်းချီဆွဲသူများ၊ ရိုးရာသနပ်ခါးလိမ်းခြယ်ပေးသူများ၊ အလှဓာတ်ပုံ(ဖုံးဖြင့်) ရိုက်ပေးသူများအားလုံး ဝင်ငွေတွက်ခြေကိုက်နေကြပြီး ညနေပိုင်းတွင်လည်း ပုဂံရှုခင်း၊ ဧရာဝတီမြစ်နှင့် တန့်ကြည်တောင်တန်းနောက်ခံ နေဝင်ဆည်းဆာကြည့်ရှုရန် နေဝင်ဆည်းဆာ ကြည့်တောင်ကုန်းများတွင် ပြည်တွင်းပြည်ပခရီးသွားများဖြင့် ပြည့်နက်စည်းကားနေကြောင်း သိရသည်။

ဒီပါလင်း