ကျိုင်းတုံ ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဗဟုသုတများရရှိစေရန် ဝမ်အွယ်အခြေခံပညာနှင့် စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေး၊ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ ၂၄ ရက်က ကျောင်းတွင်း ဘာသာရပ်များသင်ကြားမှုအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် ကျောင်းပြင်ပ ကွင်းဆင်းလေ့လာရေးခရီးကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဝမ်အွယ်အခြေခံပညာနှင့် စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေး၊ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပြင်ပ ကွင်းဆင်းလေ့လာရေးခရီး ပို့ဆောင်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါက်တာမျိုးနိုင်နှင့် ခရိုင်/ မြို့နယ်ဦးစီးမှူများနှင့် ဝန်ထမ်းများက ကျိုင်းတုံမြို့နယ်အတွင်း ကတ်ထိုက်ကျေးရွာရှိ ဒေသကြက်ခြံ၊ နောင်ကုန်ကျေးရွာရှိ နို့စားနွားခြံ၊ ကတ်ဖကျေးရွာရှိ ဒေသဆိတ်ခြံတို့တွင် စနစ်တကျမွေးမြူထားရှိမှုတို့ကို ဗဟုသုတရရှိရေး လေ့လာနိုင်ရေးခရီး ပို့ဆောင်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက သိရှိလိုသည်များကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)