ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြို့မဈေးအတွင်း လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ

ဟိုပုံး ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မဈေးအတွင်း လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မဈေးတွင် ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနိုင်က မီးသတ်ဆေးဘူးများထားရှိရေး၊ ဆေးဘူးများကို စနစ်တကျအသုံးပြုတတ်စေရေး၊ အခြေခံမီးသဘောတရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင်ကာကွယ်ရမည့် ပစ္စည်းများထားရှိရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျကြိုတင်ဆောင်ရွက်ရေး၊ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးအတန်းအစားများအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း (၄) နည်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဈေးသူ၊ ဈေးသားများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်မှု မီးသတ်ဆေးဘူးကို ရေစိုအဝတ်ဖြင့် လက်တွေ့သရုပ်ပြခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ လက်တွေ့သရုပ်ပြသဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဉာဏ်လင်းမောင်တို့က ကြည့်ရှုအားပေးပြီးနောက် မြို့မဈေးနှင့် ဈေးဆိုင်များတွင် ထားရှိရမည့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ပွင်းလင်းရာသီတွင် ဟိုပုံးမြို့နယ်၌ မီးလောင်မှုမီးလန့်မှုများမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းငြှိမ်းသတ်နည်းအတွက် ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများနှင့်အတူ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)