မိတ္ထီလာ ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ကန်သာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဒေသစပ်မျိုး နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးသည် မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဒေသစပ်မျိုး နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကန်သာအေးကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံပြီး စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကန်သာအေးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် အစုအဖွဲ့ (၄) စုမှ သမဝါယမအစုအဖွဲ့ပုံစံဖြင့် ဒေသစပ်မျိုး နို့စားနွားမွေးမြူခြင်းကို တစ်ဖွဲ့လျှင် (၄) ကောင်စီဖြင့် စုစုပေါင်း (၄) ဖွဲ့မှ (၁၆) ကောင်အား မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ငွေကျပ်သိန်း ၃၀၀၊ သက်မွေးအစုအဖွဲ့များမှ ထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀ စုစုပေါင်း ငွေကျပ်သိန်း ၄၀၀ ဖြင့် မွေးမြူထားခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)