ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှစ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ် မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိ ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျ စွန့်ပစ်ရေး၊ ညအိပ်ချိန် ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေများအား စနစ်တကျ သေချာစွာ ဂရုပြုငြိမ်းသတ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ် မီးသတ်ဦးစီးဌာနသို့ အချိန်မီ အကြောင်းကြားရေး တစ်အိမ်တက်ဆင်း လိုက်လံအသိပေးပြောကြားခြင်းအပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်များအတွင်းသို့လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ကျန်ရှိသော ရပ်ကွက်များတွင်လည်း ယခုကဲ့သို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)