ရန်ကုန် ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ (၂၇) ရက်နေ့မှ (၃၀)ရက်နေ့ အထိစည်ကားသိုက်မြိုက်စွာ ကျင်းပရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်က (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပရန်အတွက် မူးယစ်သောက်စား ရမ်းကားမှုများ အပါအဝင် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေး၊ ပွဲတော်ကာလတွင် မြို့နယ်အတွင်း တည်ငြိမ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ အခြားဆပ်ကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ရမည့် အစီအစဥ်များကို ဆွေးနွေးပေးစေလိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး လမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းတစ်လျှောက် (၁) လမ်းထိပ်မှ လမ်းမတော်လမ်းအထိ ဆိုင်ခန်းပေါင်း (၂၀၀) ကျော် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်