မော်လမြိုင် ဒီဇင်ဘာ ၂၅
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲကို ကျောင်းသား/ သူ (၂၀)ဦးဖြင့်လည်းကောင်း မူလတန်းဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောင်းသား/ သူ (၁၀)ဦးဖြင့်လည်းကောင်း ကျင်းပဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရာ လက်ထောက်ညွှန်ကြားရေးမှူ ဦးအောင်ဗိုလ်ဗိုလ်က ကျောင်းသား/ သူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များအကြောင်း သိရှိနိုင်စေရန် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများနှင့် သိကောင်းစရာများ၊ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ရေပေါ်ဘောလုံးမှုတ်ပြိုင်ပွဲ၊ ခါးလှည့်ပြိုင်ပွဲ၊ ပူးပေါင်းမှုတ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများက ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များ၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)