ရမည်းသင်းမြို့ မြို့မဈေး မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်ဇာတ်တိုက်‌ လေ့ကျင့်လက်တွေ့သရုပ်ပြ

ရမည်းသင်း ဒီဇင်ဘာ ၂၅

ရမည်းသင်းမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း မီးဘေးအန္တရာယ်မှ ကင်းစေရန်အတွက်ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဦး‌ဆောင်၍ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသူ/ဈေးသားများနှင့် ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်‌ လေ့ကျင့်သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီက စည်ပင်သာယာဈေးအတွင်း၌ ပြုလုပ်သည်။

အဆိုပါ သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသူရလင်းက မီးလောင်မှုအကြောင်းအရင်း၊ မီးလောင်မှုအမျိုးအစားများ၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး စနစ်တကျ ကိုင်တွယ်အသုံးပြုနည်း၊ မီးသတ်ယာဉ်တွင်ပါဝင်သော ပစ္စည်းများအားရှင်းလင်း ခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ဆီမီးငြိမ်းသတ်ခြင်း၊ ဂက်စ်မီးငြိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြကာ ဈေးသူ/သားများ ကိုယ်တိုင် မီးငြှိမ်းသတ်နိုင်စရန်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မီးသတ်ဆေးဘူးအား စနစ်တကျကိုင်တွယ် အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်စေခြင်း မီးသတ်ပိုက်အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်စေခြင်း လုပ်ငန်းတို့ကို လက်တွေ့ပူး‌ပေါင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဗိုလ်နှင့် ဝန်ထမ်းများ၊ ဈေးသူ၊ဈေးသားများတက် ရောက်ခဲ့ကြောင်း သတင်းရသည်။

ခရိုင် (ပြန်/ဆက်)