နေပြည်တော် ဒီဇင်ဘာ ၂၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရီမြို့နယ်နှင့် ဒက္ခိဏသီရီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရီမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၅၉) တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ရိုးမြေဆွေး ပြုလုပ်နည်းသရုပ်ပြပွဲ သို့တက်ရောက်၍ ကောက်ရိုးမြေဆွေးပြုလုပ်မှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက ကောက်ရိုးမြေဆွေး သဘာဝမြေဩဇာအဖြစ် ပြုလုပ်ပုံ အဆင့်ဆင့်နှင့် အသုံးပြုပုံများ၊ သဘာဝမြေဩဇာအသုံးပြုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယခုသရုပ်ပြသသည့် ကောက်ရိုးမြေဆွေး သဘာဝမြေဩဇာအဖြစ် ပြုလုပ်မှုကိုလေ့လာပြီး တစ်ပိုင်တစ်နိုင် သဘာဝမြေဩဇာများပြုလုပ်ကာ လက်တွေ့ကျကျ အကျိုးရှိစွာသုံးစွဲကြစေလိုကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်ရေး၊ ပန်တိုင်အထွက်နှုန်း ထွက်ရှိရေးတို့ကို အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရီမြို့နယ်၊ ချိုင်းကျေးရွာအုပ်စုရှိ Nilar Frozen Foods Co., Ltd ၏ ဟင်းသီးဟင်းရွက်သန့်စင်အေးခဲ ထုတ်ပိုး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ Xing Da လယ်ယာစိုက်ပျိုး ရေးသုံးပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု နှင့် ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရီမြို့နယ်၊ ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၂) ၌ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်ရိုးစုစက်ဖြင့် ကောက်ရိုးစုခြင်း၊ ကောက်ရိုးထုံးခြင်း၊ ကောက်ရိုးပြတ်ငုတ်ချေမွခြင်း၊ မြေဩဇာ ကြဲပက်စက်၊ အစေ့ချစက်၊ ဆေးဖျန်းစက်များဖြင့် သရုပ်ပြစိုက်ပျိုးခြင်းသို့ သွားရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် သီးထပ်စွမ်းအားများ မြင့်မားရေး၊ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံ များကို အောင်မြင်အောင် စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာထွက်ရှိရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မီးခိုးမြူငွေများကြောင့် ရာသီဥတုများ အပြောင်းအလဲနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်စေခြင်းကြောင့် စပါးများရိတ်သိမ်းပြီး စပါးရိုးပြတ်များကို မီးမရှို့ဘဲ ကောက်ရိုးချေမွစက်အသုံးပြပြီး ကောက်ရိုးများထုံးခြင်းများ၊ သဘာဝမြေဩဇာ ပြုလုပ် ခြင်းများ အသုံးပြ၍ရပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြုပြင်ခြင်း၊ မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်း၊ သွင်းအားစုများနှင့် စိုက်ပျိုးရေများကို အလေအလွင့်မရှိ စနစ်တကျ အသုံးပြုဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသရုပ်ပြသမှုကို တောင်သူများအနေဖြင့် လေ့လာပြီး မိမိတို့ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြုပြင်ခြင်း လုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာများဖြင့် ဝန်ဆောင်မှုပေးဆောင်ရွက်နေမှု အခြေအနေများ၊ သီနှံများပန်တိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပေါင်းစပ်ညှိနှိုင်းဆောင်းရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က တောင်သူများအား နေကြာမျိုးစေ့များနှင့် သွင်းအားစုများကို ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စက်မှု လယ်ယာဦးစီးဌာနမှ ကောက်ရိုးစုစက်ဖြင့် ကောက်ရိုးစုခြင်း၊ ကောက်ရိုးထုံးခြင်း၊ ကောက်ရိုးပြတ်ငုတ် ချေမွခြင်း၊ မြေဩဇာ ကြဲပက်စက်၊ အစေ့ချစက်၊ ဆေးဖျန်းစက်များဖြင့် သရုပ်ပြသ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးတွင် နေပြည်တာ်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေ နှင့်သန့်ရှင်းမှု)မှ ရေဂါလံ တစ်သိန်းဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရေစုကန်တည်ဆောက်မှု အခြေအနေများ၊ ရေပေးဝေနေမှု အခြေအ နေများ၊ ရေစစ်ကန် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)