ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သာသနိကအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

စစ်တွေ ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဦးရဲကျော်သူကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းတိုက်အတွင်းရှိ သိမ်တော်အားပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးကြရာ လုပ်ငန်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သိမ်တော်အား ပြုပြင်ရာတွင် ဆရာတော်၏ဩဝါဒကိုခံယူပြီး ရှေးမူမပျက်ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဦးရဲကျော်သူကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ သိမ်ပြုပြင်နေမှုနှင့် ပတ်သက်၍ လျှောက်ထားပြီး ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ကပ်ကျော်ရန်ပြေမာန်ပြေ ဗဟိုကိုးနဝင်းဓါတုဧစေတီ သိမ်တော်ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်း‌ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သိမ်တော်အတွင်းလှည့်လည်ကြည့်ရှုပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကာ သိမ်တော်ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျားရုပ်ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သိမ်တော်အား ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လုပ်ငန်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သိမ်တော်ဘက်စုံပြုပြင်မွမ်းမံပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ပြီးဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။ ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက အဆင့်မြှင့်တင်ဆောင်ရွက်မည့် လမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကိုယ်တိုင်လက်တွေ့ ဆရာတစ်ဦးအနေဖြင့် သင်ကြားပို့ချပေးရမည် ဖြစ်သည့်အတွက်ကြောင့် သင်တန်းတွင် ကြိုးစားလေ့လာသင်ယူကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)