နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ ရာဂီမုန်တိုင်းအလွန် စိုက်ပျိုးထားသည့် စိုက်ခင်းများ ကွင်းဆင်းကြည့်ရှု

တပ်ကုန်း ဒီဇင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ဆီထွက်သီးနှံစိုက်မည့်အစီအမံများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး ဦးကျော်သူရှိန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအေးမင်းထွန်းတို့က မိုးသီးနှံရိတ်သိမ်းမှု၊ ဆောင်းသီးနှံစိုက်ပျိုးမှုနှင့်နှုန်းဖုံး၊ သစ်တိုသစ်စဖုံး လယ်ယာမြေများပေါ်တွင် သီးနှံစိုက်ပျိုးမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးမှူး ဦးမြင့်ဇော်က ဆင်သေဆည် လက်ဝဲ/ လက်ယာမြောင်းမများမှ စိုက်ပျိုးရေပေးဝေမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမျိုးနိုင်ဦးက ရာဂီမုန်တိုင်းအရှိန်ကြောင့် လယ်ယာမြေများပေါ်တွင် ရောက်ရှိလာသည့် နှုန်း၊ သစ်တိုသစ်စနှင့် အမှိုက်ဒိုက်များ ဖယ်ရှားဆောင်ရွက်ပေးမှုအခြေအနေများ ရှင်းလင်းတင်ပြပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် MSME အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်တို့နှင့်အတူ ရာဂီမုန်တိုင်းအလွန် စိုက်ပျိုးထားသည့် ကွင်းအမှတ် ၁၃၂၇၊ ၁၃၂၈ ချောင်းခွကွင်း၊ ခရမ်ချဉ်စိုက်ခင်း၊ မတ်ပဲစိုက်ခင်းများနှင့် ဆိုလာရေတင်စနစ်ပျက်စီးမှုအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး၊ တောင်သူလုပ်ငန်းနှင့်ပတ်သက်၍​ လိုအပ်သည်များ ဆောင်ရွက်ပေးရေး သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ ကွင်းအမှတ် ၁၄၅၀ မကျီးကုန်းကွင်း၊ ပဲလွန်းစိုက်ခင်း၊ မြေပဲစိုက်ခင်းများ ကြည့်ရှု၍ သရက်အုပ်ကျေးရွာအဝင်လမ်းနှင့် လမ်းဘေးဝဲ/ ယာလယ်ယာမြေများပေါ်ရှိ သစ်တိုသစ်စများ ရောက်ရှိနေမှုအား ကြည့်ရှုပြီး၊ စက်ယန္တရား၊ ပြည်သူအင်အားများဖြင့် ရှင်းလင်းဖယ်ရှားရေးကို သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။ 

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ ကွင်းအမှတ် ၁၄၅၁ မကျီးကုန်းကွင်း၊ နှုန်းဖုံး၊ သစ်တိုသစ်စဖုံး လယ်ယာမြေများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဖယ်ရှားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်