ဇမ္ဗူသီရိ ဒီဇင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများ၏ ကာယစွမ်းအားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ သီရိရတနာမူလတန်းကြိုကျောင်း၌ ကျင်းပရာ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့် တာဝန်ရှိသူများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲများတွင် ရိုးရိုးပြေး၊ အရောင်ရွေး၊ ဦးထုပ်ဆောင်းပြေး၊ အရုပ်ထောင်၊ ပင်ပေါင်ဇွန်းကိုက်၊ အကောင်ရွေး၊ မုန့်စားပြိုင်ပွဲ၊ ပူဖောင်းဖောက်၊ အာလူးကောက်၊ အသီးရွေး၊ သစ်သားတုံးစီ၊ အင်္ကျီဝတ်နှင့် ဇကောရွက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ဆုရရှိသည့် သားငယ်၊ သမီးငယ်လေးများအား ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့် တာဝန်ရှိသူများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အလားတူ ပြည်ထောင်စုနယ်မြေအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများတွင်လည်း ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာလအတွင်း အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)