မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက်နေ့က မက်မန်းမြို့နယ်၊ မင်းရန်အောင်အုပ်စု၊ မင်းရန်အောင်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် မိမိတို့ဌာနတစ်ခုခြင်းစီမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး မင်းရန်အောင်ကျေးရွာ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ကျန်းမာရေးနှင့် ပညာရေး အစရှိသော ကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် မင်းရန်အောင်အုပ်စု၊ မင်းရန်အောင်ကျေးရွာ စိုက်ပျိုးရေးတောင်သူ ဦးမူးလိန်၏ ၂၀၂၄-၂၀၂၅ စီမံကိန်းနှစ်တွင် စိုက်ပျိုးသည့် ထောပတ်ပင် ၅၀၀ စိုက်ခင်းသို့ သွားရောက်ကွင်းဆင်းကြည့်ရှု၍ စိုက်ပျိုးပြီးထောပတ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် ထိန်းသိမ်းနည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးခိုင်မှ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇ‌က်ထွန်း (မက်မန်း)