တံတားဦးမြို့နယ်အတွင်း စိုက်ပျိုးထားသည့် ဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်း

တံတားဦး  ဒီဇင်ဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်း စိုက်ပျိုးပြီးစီးခဲ့သည့် ဆောင်းသီးနှံ ကုလားပဲ၊ ဂျုံနှင့် နေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ်တွင် ဂျုံ၊ ကုလားပဲ၊ နေကြာသီးနှံမျိုးစုံများကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးခဲ့ပြီး ကျန်ရှိသည့် ဆောင်းသီးနှံများ လျာထားချက်ပြည့်မီရေး ကွင်းဆင်းဆောင်ရွက်နေကြောင်း၊ ဆောင်းသီးနှံများ  မစိုက်ပျိုးမီ မြေပြုခြင်း၊ သဘာဝမြေဩဇာများ ကြဲပတ်ရကြောင်း၊ သို့မှသာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ဂျုံနှင့်နေကြာသီးနှံစိုက်များကို စိုက်ပျိုးပြီး(၁)လသားအရွယ်တွင် မြေအစိုဓာတ်ရရှိရန်အတွက် ရေသွင်းခြင်း၊ ပုလဲမြေဩဇာများ ကြဲပတ်ခြင်းများ ပြုလုပ်ရကြောင်း၊ ကုလားပဲသီးနှံများမှာ ရေသွင်းရန်မလိုအပ်ဘဲ နှင်းအစိုဓာတ်များဖြင့် အောင်မြင်ဖြစ်ထွန်းသော်လည်း အပွင့်ပွင့်ချိန် မိုးရွာသွန်းလိုက်ပါက အပွင့်မှတစ်ဆင့် အသီးအဆင့်သို့ရောက်ရှိမည့် အချဉ်ရည်များ လျော့ကျကာ အထွက်နှုန်းကျဆင်းသွားကြောင်း တောင်သူတစ်ဦးထံမှသိရသည်။

ယခုအချိန်တွင် စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများ အပင်ဖြစ်ထွန်းအားကောင်းနေပြီး  အထွက်နှုန်း တိုးတက်ရေးတို့အတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ရေသွင်းရေထုတ်မှန်ကန်ရေးတို့နှင့်ပတ်သက်၍ အသိပညာပေး သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကနေဒီထွန်းက ပြောကြားသည်။

ရဲတင့်(ပြန်/ဆက်)