မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၂၄

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့    ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က “လူကုန်ကူးမှုကာကွယ်ရေး ပြည်သူအားလုံးပါဝင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်စန်းတင့်က “လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါ်မူမူဆန်းက “လူကုန်ကူးမှုအစနှင့် လူကုန်ကူးမှုပုံစံအမျိုးမျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက် (၁၈) ရပ်ကွက်မှ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မိမိတို့သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)