ကျောက်ဆည်မြို့တွင် (Grade-5)နှင့် (Grade-9) အတန်းများတွင် သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲများ ပြုလုပ်

ကျောက်ဆည် ဒီဇင်ဘာ၂၄

မန္တလေးတိုင်းလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9)အတန်းများတွင် သင်ကြားလျက်ရှိသော ဆရာ/ ဆရာမများ သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဆွေးနွေးပွဲများကို ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အခြေခံပညာမူလတန်းအဆင့် အရည်အသွေးမြှင့်သင်တန်းဆွေးနွေးပွဲတွင် သင်တန်းကြီးကြပ်ရုံးအဖွဲ့ (၅) ဦး၊ သင်တန်းနည်းပြ (၁၆) ဦး၊ သင်တန်းသား/ သင်တန်းသူ (၂၃၅) ဦးနှင့် အခြေခံပညာအလယ်တန်းအဆင့် အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲတွင် သင်တန်းကြီးကြပ်ရုံးအဖွဲ့ (၅) ဦး၊ သင်တန်းနည်းပြ (၁၂) ဦး၊ သင်တန်းသား/ သင်တန်းသူ (၁၂၇) ဦး တို့ဖြင့် ဒီဇင်ဘာ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဘာသာရပ်များအလိုက် ခေါင်းစဉ်အမျိုးမျိုးဖြင့် သင်တန်းနည်းပြများ ဦးဆောင်မှုဖြင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် ဘာသာရပ်သင်ဆရာ/ ဆရာမများ မိမိတို့သင်ကြားသော ဘာသာရပ်များအပေါ် အစဉ်အမြဲလေ့လာသင်ယူလိုစိတ်များနှင့် နိုးနိုးကြားကြား၊ တက်တက်ကြွကြွရှိခြင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားခြင်း၊ ဘာသာရပ်သင်ခန်းစာများအလိုက် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များ ထိရောက်အောင်မြင်ခြင်း၊ တတ်မြောက်မှုများ စစ်ဆေးတိုင်းတာရာတွင် မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့်ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ တွေးခေါ်မျှော်မြင်မှုစွမ်းရည်များ ဖော်ပြသောစစ်ဆေးတိုင်းတာမှုများ ပြုလုပ်နိုင်ခြင်း၊ အခြေခံပညာအဆင့်အလိုက် အတန်းကူးပြောင်းနှုန်းမြင့်မားခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်