သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အ‌ခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

သထုံ ဒီဇင်ဘာ ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ ကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး အခြေခံအင်္ဂလိပ်စာသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှဌေးက လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌နိုင်ငံ့သားကောင်းများဖြစ်လာစေရေးရည်ရွယ်ကာ သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းအမှာစကားပြောကြားသည်။

ယင်းနောက် သင်တန်းပို့ချမည့် အငြိမ်းစားကျောင်းဆရာကြီးဦးအောင်ဆန်းက ကျောင်းသားကျောင်းသူများ ကျောင်းပိတ်ရက်ကာလတွင် ပညာရေးအထောက်အကူဖြစ်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် အင်္ဂလိပ်စာ သင်ကြားတတ်မြောက်ထားခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သင်တန်းကိုဆက်လက်ပို့ချပေးရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြသည်။

အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့တက်ရောက်ကြပြီး အင်္ဂလိပ်စာအခြေခံအသုံးအနှုန်းများ၊ အဓိပ္ပါယ်များ၊ အခြေခံအင်္ဂလိပ်စကားပြောခြင်းနှင့် ကလေးကဗျာများတို့ကို သုံးရက်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်