ကျိုင်းတုံ ဒီဇင်ဘာ ၂၄
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ မတည်ငွေကျပ် သိန်း ၁၅၀ ဖြင့် လွိုင်မွေကျေးရွာအုပ်စု၊ နောင်လျန်(၂)ကျေးရွာ၌ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲကို ယမန်နေ့က ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညို၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညိုတို့က အမှာစကားပြောကြားပြီး စာကြည့်တိုက်အဆောက်အအုံအသစ်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေများပေးအပ်ရာ ကျေးရွာစာကြည့်တိုက်တာဝန်ခံက လက်ခံရယူသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအမျိုးသမီးရေးရာအဖွဲ့ တာဝန်ခံ ဒေါ်သီတာကြိုင်က ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းပြီး ကျေးရွာစာကြည့်တိုက်ကော်မတီအဖွဲ့ဝင် ဦးအားလုံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)